OpenAI

၂၀၂၆ အောက်တိုဘာ ၂၆

OpenAI မှ OpenAI

OpenAI တွင် Ultrafast ကြောင့် ပြဿနာစုံစမ်းချိန် နာရီမှ မိနစ်သို့ လျော့ကျလာပုံ

ဤဆောင်းပါးသည် OpenAI က မိမိ၏နည်းပညာနှင့် API များကို အဖွဲ့အစည်းအတွင်း အသုံးပြုပုံ နမူနာများအား မျှဝေသည့် ဆောင်းပါးစဉ်မှ ဖြစ်ပါသည်။ ဤကိရိယာများကို OpenAI အတွင်း အသုံးပြုနေပြီး စွမ်းဆောင်ရည်အမြင့်ဆုံး AI က ကျွန်ုပ်တို့၏ အဖွဲ့များအတွက် မည်သို့ အထောက်အကူပြုနေကြောင်း နမူနာအဖြစ် ဤနေရာတွင် မျှဝေထားပါသည်။

Ultrafast သည် Codex ရှိ မြန်နှုန်းမြင့်မုဒ်တစ်ခုဖြစ်ပြီး OpenAI အင်ဂျင်နီယာများအတွက် ပြဿနာတုံ့ပြန်ဖြေရှင်းရာတွင် ပုံမှန်အသုံးပြုသည့် မုဒ်ဖြစ်လာပါသည်။ တစ်ခုခု ချို့ယွင်းသွားသည့်အခါ ပြဿနာ ပိုကြီးလာနေချိန်တွင် အဖြေရဖို့ မိနစ်နှင့်ချီ စောင့်နေရန် အင်ဂျင်နီယာများမှာ အချိန်မရှိတတ်ပါ။ Ultrafast ဖြင့် ဖြစ်နိုင်သည့် အကြောင်းရင်းများစွာကို တစ်ပြိုင်နက် စုံစမ်းနိုင်ပြီး အာရုံခွဲစရာမလိုဘဲ အဖြေများ ရနိုင်ပါသည်။

“ဉာဏ်ရည်တူတဲ့ လူနှစ်ယောက်မှာ တစ်ယောက်က တစ်နာရီကြာမှ အကြောင်းပြန်ပြီး နောက်တစ်ယောက်က တစ်မိနစ်နဲ့ အကြောင်းပြန်တယ်ဆိုရင် ဒုတိယလူက အများကြီး ပိုကောင်းပါတယ်။ အကြောင်းပြန်မြန်တဲ့သူနဲ့ဆို အလုပ်တွေ အများကြီး ပိုပြီးမြောက်မှာပါ။”
—Adam Perry၊ နည်းပညာအဖွဲ့ဝင်၊ OpenAI

ကောက်ရိုးပုံထဲက အပ်ကို ရှာဖွေခြင်း

OpenAI နည်းပညာအဖွဲ့ဝင် Aaron Friel သည် ပြဿနာတစ်ခု ဖြစ်လာလျှင် ဦးဆောင်ဖြေရှင်းပေးရသူ ဖြစ်လေ့ရှိပါသည်။ သူက ပြဿနာဖြေရှင်းရန် Slack ချန်နယ်တစ်ခု ဖွင့်ပြီး Codex ကို ထိုပြဿနာအား စောင့်ကြည့်စုံစမ်းရန်နှင့် မေးခွန်းများ ဝင်လာသည်နှင့် ဖြေပေးရန် ခိုင်းပါသည်။ “ပြဿနာတစ်ခု ဖြစ်ရင် လုပ်ငန်းစဉ်တစ်လျှောက် အမှားဖြစ်နိုင်တဲ့ အဆင့်တွေက များတတ်ပါတယ်။ သက်ဆိုင်ရာ ကောက်ရိုးပုံထဲမှာ ကိုယ်လိုတဲ့အပ်ကို ရှာဖို့က အဲဒီချန်နယ်ထဲက လူတွေရဲ့ အဓိကအလုပ်ပါပဲ” ဟု သူက ပြောပါသည်။ “Ultrafast နဲ့ဆို ကောက်ရိုးပုံအားလုံးထဲမှာ တစ်ပြိုင်နက် ရှာနိုင်သလိုပဲမို့ ပြဿနာတွေကို အများကြီး ပိုမြန်မြန် တုံ့ပြန်ဖြေရှင်းနိုင်ပါတယ်။”

နည်းပညာအဖွဲ့ဝင်နှင့် ဒေတာစင်တာ လုံခြုံရေးဗိသုကာ AJ Trbojevic ၏ အဆိုအရ ယခင်က လုံခြုံရေးပြဿနာများ စုံစမ်းရာတွင် ဖွဲ့စည်းပုံရှိသော ဒေတာနှင့် ဖွဲ့စည်းပုံမရှိသော ဒေတာများကို စုစည်းကာ ပုံစံတူအောင် ညှိပြီး ဆုံးဖြတ်ချက်ချနိုင်ရန် နောက်ခံအချက်အလက် ပြင်ဆင်ပေးဖို့ တစ်နာရီ၊ နှစ်နာရီ ကြာခဲ့ပါသည်။ “အခုတော့ ၁၀ မိနစ်ကနေ ၁၅ မိနစ်အတွင်း ပြီးပါတယ်” ဟု သူက ပြောပါသည်။ “တစ်ခါတလေဆို ချက်ချင်းနီးပါးပါပဲ။”

Adam Perry နှင့် Sayan Sisodiya တို့နှစ်ဦးစလုံးသည် အဓိက အေးဂျင့်အဖွဲ့တွင် အလုပ်လုပ်ကြပြီး Codex ကို လုပ်ဆောင်ချက်များ ဆောင်ရွက်နိုင်ရန်၊ ညွှန်ကြားချက်များ လည်ပတ်နိုင်ရန်နှင့် ကိရိယာများ သုံးနိုင်ရန် ကုဒ်များ ရေးသားပေးကြပါသည်။ Ultrafast ကြောင့် လုံခြုံရေးပြဿနာများ ဖြစ်ချိန်တွင် သူတို့၏ လုပ်ကိုင်ပုံ ပြောင်းလဲလာပါသည်။ “အရင်ကဆို တစ်ခုခုကို စုံစမ်းဖို့ Codex ကို ခိုင်းပြီး ကိုယ်တိုင်လည်း တစ်ချိန်တည်း ဝင်စုံစမ်းတယ်။ သူ့ကိုပဲ စောင့်နေဖို့က လုံလောက်အောင် မမြန်မှန်း သိလို့ပါ” ဟု Adam က ပြောပါသည်။ “အခု Ultrafast နဲ့ဆို Codex က လုံလောက်အောင် မြန်လာလို့ အာရုံခွဲစရာမလိုဘဲ လုပ်နေတဲ့အလုပ်ကိုပဲ အာရုံစိုက်ထားနိုင်ပါတယ်။”

ဒေတာရင်းမြစ်များစွာမှ အဖြေများကို Ultrafast ဖြင့် ချက်ချင်းရနိုင်ခြင်းကို Sayan က သဘောကျပါသည်။ “ပြဿနာဖြစ်ရင် မှတ်တမ်းတွေထဲ ရှာရုံတင်မကဘူး။ သံသယဖြစ်စရာ အပြောင်းအလဲတွေအကြောင်း ပြောထားတာရှိလား၊ Slack ရဲ့ တခြားနေရာတွေမှာ အလားတူ လက္ခဏာတွေအကြောင်း ပြောနေသူတွေရှိလားဆိုတာကိုပါ Codex နဲ့ ရှာပါတယ်” ဟု သူက ပြောပါသည်။

စက္ကန့် ၃၀ မပြည့်မီ လျင်မြန်စွာ အဖြေရခြင်း

AI ဖြင့် အဖြေရှာရာတွင် စက္ကန့် ၃၀ ထက် ပိုကြာလျှင် Slack ကို ဝင်ကြည့်ခြင်း သို့မဟုတ် လုပ်ဖော်ကိုင်ဖက်နှင့် စကားပြောခြင်းတို့ လုပ်လေ့ရှိသည်ဟု နည်းပညာအဖွဲ့ဝင်တစ်ဦးဖြစ်သူ Jeff Niu က ဆိုပါသည်။ သို့သော် ယခု Ultrafast ဖြင့် သူ့အလုပ်အများစုမှာ ထိုအချိန်ထက် ပိုမြန်နေပါပြီ။ ယခင်က သူသည် Codex ကို မေးခွန်းမေးပြီး ၎င်းစဉ်းစားနေစဉ် အခြားအလုပ်ကို ပြောင်းလုပ်လေ့ရှိရာ ပြန်လာချိန်တွင် မိမိစဉ်းစားနေသည့်အရာ အဆက်ပြတ်သွားတတ်ပါသည်။ ယခုမူ ချက်ချင်း အပြန်အလှန် ပြောဆိုနိုင်သဖြင့် လက်ရှိအလုပ်ကို ဆက်အာရုံစိုက်ထားနိုင်ပါသည်။

ရှိပြီးသားကုဒ်ကို ပြန်ပြင်ရန် အချိန်ပိုနည်းလာသဖြင့် Ultrafast ကြောင့် Jeff သည် ကုဒ်ဖွဲ့စည်းပုံ အကြီးစားပြုပြင်မှုများကိုလည်း ပိုလုပ်ချင်လာပါသည်။ “စုနေတဲ့ နည်းပညာဆိုင်ရာ ပြုပြင်စရာတွေကို ရှင်းရတာ အရင်ကထက် အများကြီး ပိုလွယ်လာပါတယ်” ဟု သူက ပြောပါသည်။ “ကုဒ်ရေးရတာ စရိတ်သက်သာပြီး အခုဆို ရေးထုတ်ဖို့လည်း အရမ်းမြန်လာပါပြီ။ အရင်က အချိန်နဲ့ အရင်းအမြစ်အများကြီး ကုန်ခဲ့တဲ့ ကုဒ်ဖွဲ့စည်းပုံ ပြုပြင်မှုတစ်ခုက အခု ချက်ချင်းနီးပါး ပြီးသွားပါတယ်။”

အကူတစ်ဦးအဖြစ် လက်တွဲလုပ်ကိုင်ခြင်း

Adam သည် မိမိ၏ အုပ်ချုပ်ရေးလက်ထောက်အကြီးအကဲဟု ခေါ်သည့် Codex စကားဝိုင်းတစ်ခုကို အဆက်မပြတ် အသုံးပြုနေပါသည်။ မနက်တိုင်း သူတက်ရမည့် အစည်းအဝေးများနှင့် အကြောင်းပြန်ရန် မေ့နေနိုင်သည့် မက်ဆေ့ချ်များကို ၎င်းက ပြောပြပါသည်။ “အကျဉ်းချုပ်ရေးဖို့ ဒေတာအားလုံးကို ကြည့်ပြီးသားမို့ ကျွန်တော် ဆက်မေးတဲ့အခါ အချက်အလက်တွေ ထပ်သွားယူနေတာကို စောင့်စရာမလိုပါဘူး” ဟု သူက ပြောပါသည်။ “တကယ့် အုပ်ချုပ်ရေးလက်ထောက်အကြီးအကဲကို မေးသလိုပဲ စကားဝိုင်းတစ်ခုတည်းမှာ ဆက်တိုက် မေးလို့ရပါတယ်။”

Sayan သည် ဖောင်ဖြည့်ခြင်းကဲ့သို့ ဘရောက်ဇာတွင် ကိုယ်တိုင်လုပ်ရသည့် ငြီးငွေ့ဖွယ်အလုပ်များအတွက် Codex ကို သုံးပါသည်။ ယခင်ကမူ နှေးလွန်းသဖြင့် ထိုသို့ အသုံးပြုခြင်းကို ရှောင်ခဲ့ပါသည်။ “ဘရောက်ဇာကို ဖွင့်မယ်၊ ငါးစက္ကန့်လောက် ရပ်ပြီး စဉ်းစားမယ်၊ တစ်ခုခုကို နှိပ်မယ်၊ ပြီးရင် ထပ်ရပ်နေပြန်ရော” ဟု သူက ပြောပါသည်။ နောက်ဆုံးပေါ်မော်ဒယ်များ၏ ကွန်ပျူတာသုံးနိုင်စွမ်း တိုးတက်လာသဖြင့် ထိုအလုပ်များကို Codex အား ပိုစိတ်ချစွာ လွှဲပေးနိုင်လာပါသည်။ “အခုတော့ ဘရောက်ဇာထဲမှာ လိုတာတွေ နှိပ်ပြီး လုပ်သွားဖို့ သူ့ကို အေးအေးဆေးဆေး လွှဲထားလို့ရပြီ။ လုံလောက်အောင် မြန်လာလို့ ကိုယ်တိုင်မလုပ်တဲ့အတွက် အချိန်မနစ်နာတော့ဘူး။”

ပြဿနာဖြေရှင်းခြင်း၊ နေ့စဉ်အစီအစဉ်ဆွဲခြင်းနှင့် ကုဒ်ဖွဲ့စည်းပုံ ပြုပြင်ခြင်းတို့တွင် Ultrafast ကြောင့် OpenAI နည်းပညာအဖွဲ့ဝင်များသည် မေးခွန်းပေါ်လာသမျှ အလျင်မီအောင် Codex နှင့် လက်တွဲလုပ်ကိုင်နိုင်ပါသည်။ ရလာသည့်အဖြေကို ဆက်မေးခြင်း၊ အခြားနည်းလမ်း စမ်းခြင်းတို့ လုပ်နိုင်ပြီး အတွေးအဆက်မပြတ်ဘဲ အလုပ်ဆက်လုပ်နိုင်ပါသည်။ စောင့်ရချိန် ပိုတိုလာခြင်းကြောင့် ယခင်က ရွှေ့ဆိုင်းထားသည့် ကုဒ်ပြုပြင်မှုမှ အခြားသူကို လွှဲပေးရကျိုးနပ်လာသည့် ပုံမှန်အလုပ်အထိ သူတို့ လုပ်လိုစိတ်ရှိသည့် အလုပ်အမျိုးအစားများလည်း ပြောင်းလဲလာပါသည်။

  • Codex
  • 2026

စာရေးသူများ

OpenAI